တိပိဋကဓရ အရှင်ဝိစိတ္တသာရာဘိဝံသ ကျမ်းပြု · မြန်မာပြန်
မင်းကွန်းတိပိဋကဆရာတော် ဦးဝိစိတ္တသာရာဘိဝံသ ပြုစုခဲ့သော ကျမ်းစာတွဲကြီးတစ်ခုဖြစ်သည်။ ဤစာပေလက်ရာတွင် ဂေါတမဗုဒ္ဓ၊ ယခင်ပွင့်တော်မူခဲ့သော ဗုဒ္ဓများအကြောင်း၊ တပည့်သာဝက ရဟန်းများ၊ လူပုဂ္ဂိုလ်များ၊ ၎င်းတို့၏ အတိတ်ဘဝများအကြောင်း စသည်တို့ ပါဝင်သည်။
ထိုစဉ်က မြန်မာနိုင်ငံတော် ဝန်ကြီးချုပ် ဦးနုနှင့် ဗုဒ္ဓသာသနာ့အဖွဲ့တို့၏ လျောက်ထားပန်ကြားမှုအရ ဗုဒ္ဓဖြစ်စဉ် (သို့) မဟာဗုဒ္ဓဝင်ကို ၁၉၅၅ တွင် စတင်ရေးသားခဲ့သည်။ ဤမဟာဗုဒ္ဓဝင်သည် ဆရာတော်၏ အထူးထင်ရှားသော စာပေလက်ရာတစ်ခုပင် ဖြစ်သည်။ ပထမတွဲကို ၁၉၆၀ မှစ၍ ဆဋ္ဌမတွဲ (ဒုတိယပိုင်း) ကို ၁၉၇၂ တွင် ပထမဆုံးအကြိမ်အနေဖြင့် ထုတ်ဝေခဲ့ကြသည်။ အကြိမ်များစွာလည်း ရိုက်နှိပ်ထုတ်ဝေခဲ့ရသည့် စာအုပ်များ ဖြစ်သည်။ တိနိအဖွဲ့၏ အင်္ဂလိပ်ဘာသာပြန်မူကို ဦးကိုလေးနှင့် ဦးတင့်လွင်တို့က ပထမတွဲမှစ၍ နောက်ဆုံးတွဲထိ ပြုစု ဘာသာပြန်ဆိုခဲ့ကြသည်။
အတွဲအနေဖြင့် (၆) တွဲဖြစ်၍ စာအုပ်အနေဖြင့် (၈) အုပ်ဟူ၍ သတ်မှတ် စီစဉ်ထုတ်ဝေခဲ့သည်။ ထုတ်ဝေရာတွင် ပြည်ထောင်စု ဆိုရှယ်လစ်သမ္မတ မြန်မာနိုင်ငံခေတ် သာသနာရေးဦးစီးဌာနမှ တာဝန်ယူ ရိုက်နှိပ်ထုတ်ဝေခဲ့သည်။